မြန်မာနိုင်ငံအတွင်းရှိ ဘောလုံးကြယ်ပွင့်လေးများကို လေ့ကျင့်ပေးရန် အဆင်သင့်ရှိဟု မန်ယူကစားသမားဟောင်း မီခေးဆီဗက်စတားပြော

မြန်မာနိုင်ငံအတွင်းရှိ ဘောလုံးအားကစားနည်းကို ၀ါသနာပါသည့် ဘောလုံးကြယ်ပွင့်လေးများအား လေ့ကျင့်ပေးရန်အတွက် အဆင်သင့်ရှိနေပါတယ်ဟု ဖေဖော်ဝါရီ ၃ ရက်နေ့ နိုဗိုတယ်ဟိုတယ်တွင်ကျင်းပသော Manda Fermentation မှ စီစဉ်သည့် Manchester United Soccer Schools 2018 အစီအစဉ်နှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် မန်ချက်စတာယူနိုက်တက်နှင့် ပြင်သစ်လက်ရွေးစင်ဟောင်း နောက်တန်း ကစားသမား မီခေးဆီဗက်စတားက ပြောသည်။

“ဒီနေရာနဲ့ပတ်သက်လို့တော့ များများစားစားတော့ မရှိပါဘူး။ မြန်မာနိုင်ငံရဲ့အကြောင်း၊ မြန်မာနိုင်ငံမှာရှိတဲ့ ဘောလုံးအားကစားဝါသနာပါတဲ့ ကြယ်ပွင့်လေးတွေအကြောင်းကို ပိုပြီးတော့ လေ့လာပြီးတော့ လေ့ကျင့်သင်ကြားပေးဖို့အတွက် အဆင်သင့် ဖြစ်နေပါတယ်။ ဒီနေ့ ညနေမှာဆိုရင် သုဝဏ္ဏမြက်ခင်းတုကွင်းမှာ လူငယ်ကြယ်ပွင့်လေးတွေနဲ့ သွားရောက်တွေ့ဆုံပြီးတော့ ဘောလုံးပညာကို မျှဝေသွားပါမယ်။ ဒီနေရာကို လာဖို့အတွက် အကူအညီပေးတဲ့ မန်ဒါ (Manda Fermentation) ကို ကျေးဇူးတင်ပါတယ်။ မြန်မာနိုင်ငံဟာ အရမ်းကို လှပသာယာတဲ့နေရာတခု ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

နောက်တန်းခံစစ်မှူး ဆီဗက်စတာသည် ၁၉၉၉ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ မန်ချက်စတာယူနိုက်တာတွင် ကျောနံပါတ် ၂၇ ဖြင့် ပွဲပေါင်း ၂၄၉ ပွဲ ကစားခဲ့၍ ပြင်သစ်လက်ရွေးစင်အသင်းအတွက်လည်း ပွဲပေါင်းများစွာ ကစားခဲ့သည်။ မန်ယူ ကစားသမားဘ၀၌ ပရီမီးယားလိဂ်ဖလား၊ FA ဖလား၊ ချန်ပီယံလိဂ်ဖလားများရရှိခဲ့ပြီး ၎င်းကစားသမားဘ၀တွင် ၂၀၀၈ ခုနှစ် မော်စကိုတွင် ချက်လ်ဆီးအသင်းနှင့် ကစားခဲ့သည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲဖြစ်ကာ ၎င်းအကြိုက်ဆုံးကစားသမားများမှာ ရီရဲလ်တိုက်စစ်မှူး ရော်နယ်ဒိုနှင့် ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဖြစ်ပြီး မန်ယူအသင်းတွင် ရော်နယ်ဒိုနှင့်တွဲဖက်ကစားခဲ့သည်ကို အမြဲအမှတ်ရနေကြောင်း ဆီဗက်စတားကပြောသည်။ ဆီဗက်စတားသည် အာဆင်နယ်အသင်းတွင်လည်း ကစားခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ဘောလုံးကစားသမားဘ၀မှ အနားယူခဲ့သည်။

ဂျပန်နိုင်ငံအခြေစိုက် Manda Fermentation ၏ စီစဉ်မှုဖြင့် ဆီဗက်စတားနှင့် မန်ယူလူငယ်အသင်းမှ နည်းပြနှစ်ဦးသည် ၁၆ နှစ်အောက် ကစားသမားများကို ရန်ကုန်မြို့ သုဝဏ္ဏမြက်ခင်းတုကွင်းတွင် ဖေဖော်ဝါရီ ၃ ရက်နှင့် ၄ ရက်တွင်လည်းကောင်း၊ တောင်ကြီးအားကစားကွင်းတွင် ဖေဖော်ဝါရီ ၆ ရက်နှင့် ၇ ရက်တို့တွင်လည်းကောင်း ဘောလုံးအားကစားနည်းကို လေ့ကျင့်သင်ကြားပေးမည်ဖြစ်ကြောင်းနှင့် ယခုခရီးစဉ်သည် ဒုတိယအကြိမ်ဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် မန်ချက်စတာယူနိုက်တက် ဂန္ထ၀င်ကစားသမား ရွန်နီဂျွန်ဆင်နှင့်အတူ အကယ်ဒမီနည်းပြနှစ်ဦးလိုက်ပါ၍ ရန်ကုန်နှင့် ပုသိမ်မြို့တို့တွင် မြန်မာလူငယ်တို့က ပထမအကြိမ် ဘောလုံးပညာမျှဝေခဲ့သည်။

Manda ကုမ္ပဏီသည် မန်ယူအသင်းကို ၂၀၁၃ ခုနှစ်မှစတင်၍ Official food Sponsor ပေးထားသည့် ဂျပန်အခြေစိုက်ကုမ္ပဏီဖြစ်ပြီး မြန်မာနိုင်ငံအတွင်းရှိ လက်ဝှေ့ပွဲများကိုလည်း စပွန်ဆာပေးလျက်ရှိပြီး မန်ယူကစားသမားဟောင်းများ၏ မြန်မာနိုင်ငံခရီးစဉ်ကိုလည်း မြန်မာနိုင်ငံအတွက် ငါးနှစ်စာချုပ် ချုပ်ဆိုထားကြောင်းနှင့် Manda သည် ဂျပန်နိုင်ငံ ဟီရိုရှီမားမြို့မှာ ရုံးစိုက်ပြီး ဓာတုပစ္စည်းတွေ လုံးဝမသုံးဘဲ သဘာဝသီးနှံတွေ စိုက်ပျိုး၍ မန်းဒ (Manda)သက်စောင့်ဆေးကို ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

သားချမ်းမြတ်
Source : new watch

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *