အထက်တန်းပြဆရာမတဦး၏ ရင်တွင်းစကားသံ

စောင့်ကြည့်ဂျာနယ်ရဲ့ ဆောင်းပါးရှင်ဆရာ သရ၀ဏ်(ပြည်) ကျွန်မတို့ ကျောက်ပန်းတောင်းကို ရောက်လာပြီး စာပေဟောပြောသွားတာ အောက်တိုဘာ ၂၄ ရက်နေ့ညက နားထောင်ခဲ့ရပါတယ်။ ဆရာဟောတာ ”ပညာရေးသာအမိ၊ ပညာရေးသာ အဖ”ခေါင်းစဉ်နဲ့ပါ။

ဆရာဟောပြောသွားတာ အားရကျေနပ်ပါတယ် ဆရာ/မတွေဘက်က ဟောပြောချက်လေးတွေ ကြားရဖို့ဆိုတာ ရှားပါးလွန်းပါတယ် ဆရာ။

ကျွန်မတို့ပညာရေးဝန်ထမ်းတွေမှသာ ကြုံနေရတဲ့ အကြောင်းအရာလေးတွေကို ထပ်ဖြည့်ပြောပြ ချင်ပါတယ်။ ဆရာတို့လို လူထုကြားကနေ အထက်ထိပေါက်အောင်ပြောနိုင်တဲ့သူတွေလည်း အားကိုးပါတယ် ဆရာ။ ကျွန်မတို့ ဒီလိုကြားညပ်နေတဲ့ဘ၀တွေကိုလည်း ဖော်ပြပေးဖို့ တောင်းဆိုပါရစေ။

ပြည်သူလူထုကြားမှာ ကျောင်းဆရာ/မဆိုတဲ့ ပုံရိပ်ဟာ တဖြည်းဖြည်း မဖြူမစင် ညစ်နွမ်းလို့လာပါပြီ။ ညစ်နွမ်းအောင်လုပ်နေသူတွေဟာ ဆရာမပီသသူများကြောင့်ဖြစ်သလို စနစ်နဲ့အထက်ကလာသော ညွှန်ကြားချက်များကြောင့်ဆိုတာ အသေအချာပါပဲ။

ဆရာဟောပြောတုန်းက လက်ခုပ်သံတွေ တဖြောင်းဖြောင်း ကြားလိုက်ရတာ ဘယ်အချိန်လဲဆိုတာ သတိထားလိုက်မိမယ် ထင်ပါတယ်။

ဆရာမတွေ ကျောင်းတက်ဖို့ အခက်အခဲဖြစ်ရတဲ့အကြောင်းနဲ့ ခံစားခွင့်မရှိတဲ့အကြောင်းပြောတော့ လက်ခုပ်သံမရှိပါ။

ဆရာစိတ်မရှိ၊ ဆရာမပီသတဲ့သူတွေဆိုတာ ရာနှုန်းအနည်းငယ်ပါ ဆရာ။ တကယ်စေတနာအပြည့်နဲ့ လုပ်နေတဲ့ ဆရာ/မတွေဆိုတာ အများကြီးပါ။ သေချာတာကတော့ မချမ်းသာနိုင်မှန်းသိရက်နဲ့ ထမင်းတလုပ်အတွက် ဒီဆရာ/မ အလုပ်လုပ်နေတဲ့သူတွေ မဟုတ်ကြပါဘူး။ ပညာတတ်ဖြစ်ပါလျက်၊ ၂ ဘွဲ့ ၃ ဘွဲ့ရပါလျက် သင်တန်းပေါင်းများစွာ တက်ထားပါလျက် လူရာမ၀င်တာ ဆရာ/မ လူတန်းစားပါပဲ။ ဆရာဟောပြောသွားခဲ့တာ အကုန်မှန်ပါတယ်။ ဆရာ/မတွေအတွက် နေစရာအခက်အခဲ၊ သွားလာရေးအခက်အခဲ အများကြီးပါ။ ခံစားခွင့်ဆိုတာဝေလာဝေး။ ပင်စင်ရရင်တောင် မြေတကွက်၊ အိမ်တလုံးဝယ်ဖို့ဆိုတာ မမျှော်လင့်နိုင်တဲ့ ကြိမ်ခွေတွေပါ ဆရာ။

ဒီလိုကိစ္စတွေရှိနေပေမဲ့လည်း ဆရာ/မ အသိုင်းဝိုင်းကလွဲလို့ နားမလည်ကြပါဘူး။ ဒီလူတန်းစားကို ကာတွန်းဆရာတွေ၊ လူရွှင်တော်တွေက ပယ်ပယ်နယ်နယ်နှိပ်ကွပ်စရာလို့ပဲ မြင်နေကြလားမသိတော့ပါဘူး။ ဂုဏ်သိက္ခာရှိတယ်လို့ယူဆကြတဲ့ ဆရာ/မ အလုပ်ဟာလည်း အခုဆိုရင် တဖြည်းဖြည်းနဲ့ ဘာဂုဏ်၊ ဘာသိက္ခာမှ မရှိတော့သလို ဖြစ်နေပါပြီ။

မြေလတ် မြို့တမြို့မှာ ၁၀ နှစ်၊ လက်ရှိ ကျောက်ပန်းတောင်း အထက်တန်းကျောင်းတကျောင်းမှာ တနှစ်ခွဲနဲ့ လုပ်သက် ၁၁ နှစ်ခွဲအတွင်း တွေ့ကြုံမှုများကို အခြေပြုပြီးပြောပြချင်ပါတယ်။ ဒီကျောင်း ၂ ကျောင်းအတိုင်းပဲ နယ်ကျောင်း၊ ရွာကျောင်းအကုန် မတိမ်းမယိမ်း ထိုနည်းနှင်နှင်တွေပါပဲ။ တခုရှိတာက ကျွန်မတာဝန်ကျတဲ့ ကျောင်းတွေက မြို့ပေါ်ကျောင်းတွေဖြစ်ပေမဲ့ ရွာက ကလေးတွေအများစုတက်တဲ့ ကျောင်းတွေပါ။

၁။ လိုအပ်ချက်

အားလုံးလိုအပ်နေပါတယ်။ အခုလက်ရှိကျောင်း မှာ ၅ တန်းမှ ၁၀ တန်းထိ ကျောင်းသားပေါင်း ၃၇၀၀ နီးပါးရှိပါတယ်။ ဆရာအင်အား မလုံလောက်ပါ။ စာသင်ခန်းစာသင်ခုံ မလုံလောက်ပါ။ အထက်တန်းမှာ တခန်းကို ကျောင်းသားဦးရေ ၇၅ နဲ့ ၈၀ ကြားရှိပါတယ်။ စာသင်ခန်းအပြည့် ပူးကပ်စွာသင်ကြားရပါတယ်။ ကျောက်သင်ပုန်းနဲ့ မြေဖြူသုံးပါတယ်။

စာကြည့်တိုက်

စာကြည့်တိုက်မှူးသည် သင်ကြားရေးနှင့် ပူးတွဲတာဝန်ပေးထားသော ဆရာမဖြစ်ပါတယ်။ များပြားလှသော ကျောင်းသားများကို သူမနိုင်၊ စာအုပ်များပျောက်ပါတယ်၊ သူလျော်ရပါတယ်။

ကွန်ပျူတာခန်း

သိသမျှအထက်တန်းကျောင်းတိုင်း ကွန်ပျူတာ ၅ လုံးရှိသည်ဟု မကြားဖူး ၂ လုံး၊ ၃ လုံးအခန်းက ကျဉ်းကျဉ်းလေး၊ မေးခွန်းရိုက်လို့ရတာ ကံကောင်း၊ အသေးသုံးမချပေးခင်က ကွန်ပျူတာပျက်ရင် ဆရာမတွေ လစာထဲက ပြင်ခဖြတ်ခံရသေးပါတယ်။

ခုထိ မိတ္တူကူးစရာရှိရင် ကိုယ့်ပိုက်ဆံနဲ့ကိုယ် အပြင်မှာ သွားကူးရပါတယ်။ တချို့ကျောင်းများမှာ သုံးမရသော အစုတ်ပင် for show လုပ်ထားရတာတွေ ရှိပါတယ်။

သိပ္ပံလက်တွေ့စမ်းသပ်မှု

Prism တုံးတောင် ကျောင်းတိုင်းမရှိ ငှားပြရပါတယ်။ မိုက်ခရိုစကုပ် ၂ လုံး၊ ၃ လုံးနဲ့ ပြတာတောင် ချွေးတလုံးလုံးနဲ့ အော်လို့ဟစ်လို့ ကျောင်းသားအရမ်းများနေလို့ပါ။ ကျောင်းတိုင်းမှာလည်း မိုက်ခရိုစကုပ် မရှိပါ။ လက်တွေ့ပြချင်လျက် ဓာတုပစ္စည်းမရှိ၊ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြံဖန်ပြနေကြရပါတယ်။ On paper နဲ့ပဲ ပြီးသွားတာတွေလည်း အများအပြားပါပဲ ဆရာနားလည်မှာပါ။

Critical thinking ဆီကိုရောက်ဖို့ တော်တော် ကြိုးစားရဦးမှာ CCA စနစ်ဆိုတာလည်း သုံးပြီးသင်နေပေမဲ့ ကျောင်းသားများပြီး ဆရာနည်းရင် ထိရောက်သင့်သလောက်မထိရောက်ပါဘူး။ ကျွန်မ debate လေးတွေလုပ်ပြီး ပြောခိုင်းကြည့်ပါတယ်။ သူတို့စိတ်ဝင်စားကြပါတယ်၊ ထင်မထားလောက်အောင်လည်း တွေးတတ်ပြောတတ်ကြပါတယ်၊ သွေးရင်ထက်မယ့် ကျောက်ရိုင်းလေးတွေပါ၊ ဒါပေမဲ့ ရှိစုမဲ့စု ဆရာ/မတွေ ကိုလည်း စာရွက်တွေနဲ့ပဲ မျက်နှာအပ်စေချင်ပုံရပါတယ်၊ လွတ်လပ်စွာသင်ကြားဖို့ အနှောင့်အယှက်တွေ မြေလတ်မြို့က ကျောင်းတုန်းကဆို ကွင်းမပြောနဲ့ ကစားဖို့နေရာကိုမရှိ၊ စာသင်ခန်းတောင် မရမကပါ။ မြန်မာနိုင်ငံမှာ ဒီထက်ဆိုးဝါးလှတဲ့ လိုအပ်ချက်တွေ ပြည့်နေတဲ့ကျောင်းတွေ အများကြီးပါ။

နောက် ဆရာအင်အား မပြည့်မီပါ။ မြို့ပေါ် ဖြစ်သော်လည်း မလုံလောက်တဲ့ကျောင်းများရှိပါတယ်။ ရွာကျောင်းတွေမှာ မတရားဆိုးပါတယ်။ ဆရာ အင်အားမလုံလောက်တဲ့အတွက် နှစ်ဆအလုပ်လုပ်ရပါတယ်။ တချို့ရွာဘက်ကျောင်းများဆိုလျှင်ဖြင့် မရောင်ရာဆီလူးသောကိစ္စများ သိပ်မလုပ်ရပါ။ သင်ကြားရေးသာ လုပ်ရသဖြင့် တော်ပါသေးတယ်။ ကျောင်းဆရာ ရှားပါးလာပါတယ်။ ပညာရေးဝါသနာပါသော အိမ်ထောင် ဦးစီးဖြစ်လာမယ့် အမျိုးသားတွေဟာ ကျူရှင်ဆရာအဖြစ် အသက်မွေးဖို့သာ စိတ်အားသန်လာပါတော့တယ်။

၂။ စနစ်

မအောင်မရှိ စနစ်ပါ။ အခု ပိုဆိုးနေပါတယ်။ အရင်ကတည်းက ၇ တန်းထိ အကုန်အအောင်ပေးပါတယ်။ ၈၊ ၉ ချလို့ ရသေးတယ်။ အခု ၈ တန်း ခရိုင်စစ်၊ မြို့နယ်စစ် ဘာညာနဲ့ ၁၀၀ ရာနှုန်းပါ၊ အသက်သာကြီးလာပြီး ၉ တန်းရောက်လာတာ စာလုံးပေါင်းမမှန်ပါဘူး၊ အင်္ဂလိပ်စာ အသံထွက်ပြီး မဖတ်တတ်ပါဘူး။ အပေါင်းအနုတ် မမှန်ပါဘူး။

ကျွန်မတို့ ဘာမှလုပ်မရပါဘူး။ ထ ၂ မှာ ကျွန်မ ၁၀ တန်း ၁၀ နှစ်သင်ခဲ့ရပါတယ်။ ဒီလို အတန်းတက်လာတဲ့ ကလေးတွေကို ကျောက်ခဲအရည်ညှစ်သလို အများကြီးအင်အားစိုက်ထုတ်ရပါတယ်။ တပြားမှမရတဲ့အပြင် ကိုယ့်အိတ်ထဲကစိုက်လို့ ညစာကျက်ဝိုင်းတွေဖွင့်ပြီး ည ၉ နာရီအထိ စာသင်ခဲ့ရပါတယ်။

အောင်ချက်ကောင်းရင် ကော်ဒိုင်းတခုပေးပြီး အောင်ချက်ကျရင် ထုချေလွှာရေးပြီး အကြိမ်ပေါင်းများစွာ စစ်ဆေးရေးဝင်ပါတယ်။ လူသတ်တရားခံဟာ သူ့အဖေမှန်းသိရက် သူကြီးဟာ ရွာထဲ တရားခံရှာနေသလိုပါပဲ။

မအောင်မရှိစနစ်ဟာ ကျူရှင်ကို တိုက်ဖျက် တယ်ပြောပြော၊ အပြင်မှာ မလေလွင့်အောင်လို့ပဲ ပြောပြော ကလေးတွေစာမတတ်တော့၊ စာလိုချင်စိတ် လျော့ပါးလာတာတော့ အမှန်ပါပဲ။ တခြားနည်းနဲ့ ဖြေရှင်းစေချင်ပါ တယ်။ ကျောင်းသားများ ကျောင်းထွက်မှုလျော့ပါးရေးအတွက် စည်းလွတ်ဘောင်လွတ် အအောင်ပေးတာ မှန်ကန်တဲ့ ဖြေရှင်းနည်းမဟုတ်ဘူးလို့ပဲ ယူဆပါတယ်။ KG ကစပြီး ပြင်မယ်ဆိုတော့ ခုအလယ်တန်း၊ အထက်တန်းက ကလေးတွေက လွှင့်ပစ်လိုက်ရမှာလား ဆရာ၊ ကျွန်မတို့ ကလေးတွေရဲ့ ဘ၀မသတ်ဖို့ တောင်းပန်ချင်ပါတယ်။

၃။ ‘ဆရာ/မ ဂုဏ်သိက္ခာ’

အပေါ်မှာပြောခဲ့သလိုပါပဲ။ ဆရာ/မတွေ ဂုဏ်ရော၊ သိက္ခာရော မရှိတော့ပါဘူးဆိုတာ စနစ်ရဲ့အကျိုးဆက်ပါပဲ။ မနေ့ကမှ လောလောလတ်လတ် ကျွန်မသူငယ်ချင်း ဆရာမရှေ့က စာသင်နေတယ်။ နောက်က ခုံတီးပြီး သီချင်းဆိုတယ်။ အုပ်စုလိုက်၊ ဆရာမကို မချေမငံဘဲ ပြန်ပြောတယ်။ ရိုက်မယ်လုပ်တော့ ‘ရိုက်ရဲရိုက်ကြည့် အလုပ်ပြုတ်သွားမယ်’တဲ့။ အချိန်တန်အောင်မယ်မှန်းလည်း သိနေတယ်။ ကျောင်းလည်း နားခိုင်းခွင့်(ထုတ်ခွင့်) မရှိမှန်းလည်း သိနေတယ်၊ ဘယ်လိုဆုံးမကြမလဲ။ လိမ္မာရေးတရားဟောရင်လည်း တခြားလူ ၇၀ ကျော်ကပါ စာမသင်ရတော့ဘဲ သနားဖို့ကောင်းပါတယ်၊ စာသင်ပျက်တယ်။

ပြီးတော့ ဆရာ/မ တယောက်ဟာ တနေ့မှာ စာသင်ချိန် ၇ ချိန်မှာ ၄ ချိန်နဲ့ ၅ ချိန်ဝင်ရပါတယ်။ ကျန်တဲ့အချိန်မှာ လေ့ကျင့်ခန်းစစ်ခြင်း (အုပ် ၃၀၀ ပတ်လည်)၊ စာရင်းဇယားပေါင်းများစွာ ပြုလုပ်ခြင်း၊ မရောင်ရာဆီလူးခြင်း ကိစ္စများနဲ့ပဲ လုံးချာလည်နေပါ တယ်။ သင်ရိုးမီအောင်သင်ရတာမို့ အချိန်နဲ့တပြေးညီ သင်ရပါတယ်။ တချို့ရက်တွေမှာ နေမကောင်းတဲ့သူ၊ ဂိတ်တာဝန်ကျသူအစရှိသဖြင့် လိုအပ်ရင် ၆ ချိန်ထိ ၀င်ရပါတယ်။ ကျန်တဲ့အချိန်မှာ အမှတ်ခြစ်ခြင်းနဲ့ စာရင်းဇယားပေါင်းများစွာ ပြုလုပ်ခြင်းနဲ့ ကုန်ဆုံးပါတယ်။

ကျောင်းခေါ်ကြိမ် ၇၅ ရာနှုန်းပြည့်အောင် အတန်းပိုင်များတာဝန်ယူပါ၊ တခုခုဖြစ်လာရင် ကိုယ်ဖြစ်ကိုယ်ခံ ဆိုတာပါသေး။ ကြိမ်းမောင်းခံရပါတယ်။ လက်မှတ်ထိုးရပါတယ်။ ကျောင်းသားများ၊ မိဘများနဲ့ ပြဿနာဖြစ်ရပါတယ်။ စာမေးပွဲကြီးဖြေချိန်ရောက်တော့ အကုန်ဖြေခိုင်းလိုက်ပါတဲ့။ ကျောင်းခေါ်ကြိမ် မပြည့်ပြည့်အောင် လိုက်ဖြည့်ပေးရပါတယ်။ အပေါကြီးတွေကို ဖြစ်တာပါပဲ။

နောက် ကျွန်မတို့ ရွာနေလူတန်းစားကလေးတွေ ၁၀ တန်းအောင်၊ ဘွဲ့ ရပြီးသွားတော့လည်း စတိုးဆိုင်မှာ အရောင်းစာရေးပဲလုပ်ရတာပါပဲ။ တချို့က လယ်ပဲပြန်လုပ်ကြတယ်။ အချိန်နဲ့ငွေ အရင်းပြုပြီး ရလာတဲ့ အမြတ်ဖြစ်တဲ့ အတန်းပညာဟာ ဘ၀အတွက် အာမခံချက်မရှိသလောက် နီးပါးဖြစ်နေတယ်လို့ ကလေးမိဘ တယောက်က အစည်းအဝေးမှာ ပြောဖူးပါတယ်။ ဘယ်လိုစကားလုံးမျိုးတွေနဲ့ အခိုင်အမာပြန်ရှင်းပြရမလဲ ဆရာ။

ဆရာ/မများကို သနားဖို့မလိုပါ၊ ဂုဏ်သိက္ခာလေးတော့ ရှိစေချင်တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် အပြင်မှာ private ကျောင်းတွေအများကြီး၊ ကိုယ့်ပညာနဲ့ ထမင်းရှာစားနိုင်ကြပါတယ်။ တဖြည်းဖြည်းနဲ့ လုပ်ငန်းခွင် မပျော်ရွှင်ကြတဲ့အတွက် အလုပ်ထွက်ကြ၊ သုတေသနဘက်ပြောင်းကြ၊ ရာထူးတိုးလျှောက်ကြနဲ့ ခုဆို စာတော်တဲ့မိဘ တတ်နိုင်တဲ့ကျောင်းသားတွေဟာလည်း အစိုးရကျောင်းကနေ private ပြောင်းကြတာ အလုံးအရင်းပါ။

အဲဒီတော့ ဆယ်တန်းအောင်ချက်ကျ၊ ပုံရိပ်မကောင်း မုန့်လုံးစက္ကူကပ်နေပါရော။

၎။ မရောင်ရာဆီလူးကိစ္စများ

မရောင်ရာဆီလူးရတဲ့ကိစ္စတွေက အများကြီး အများကြီးပေမဲ့ ဘယ်လိုပြောရမလဲဆိုတာ ခက်ပါတယ်။ မနက်စောစောကြီး ကားစီးသွားရပြီး ကြက်ဆူပင်မြေဆွ၊ ကြက်ဆူသီး ခူးရတာမျိုး။

မိုးသည်းသည်းရွာနေတဲ့ကြား သစ်ပင်စိုက်ပွဲမှာ သစ်ပင်စိုက်ဖို့ အဆင်သင့်ဖြစ်နေပေမဲ့ လူကြီးဆိုတဲ့ လူကို ၂ နာရီလောက် မိုးရေထဲ ရပ်စောင့်ရတာမျိုး။

တနယ်လုံးမှာရှိတဲ့ ၄ တန်းအဖြေလွှာ သောင်းကျော် ၆ ဘာသာဆိုတော့ သိန်းကျော်ရဲ့အဖြေလွှာတွေကို ညမိုးချုပ်သည်ထိ မြို့နယ်ရုံးမှာ ချုပ်ပေးရတာမျိုး။

စာမေးပွဲဖြေဖို့ legal size ၂ ရွက်၊ ၃ ရွက်ကို stapler နဲ့ ချုပ်၊ ခုံအမှတ်ကွက်၊ ဘာသာ၊ စာမေးပွဲဆိုတာပါတဲ့ တံဆိပ်တုံးထု၊ ကျောင်းအုပ်လက်မှတ် တံဆိပ်တုံးထု၊ အမှတ်ဖြည့်ဖို့အကွက်ထု၊ အဲသလိုလုပ်မှ တအုပ်ရပါ တယ်။ စာမေးပွဲနားနီးရင် စာမသင်ဘဲ အဲဒါလုပ်ကြရပါတယ်။

နောက် ဂျူတီများ၊ ဖုန်းဂျူတီ၊ ဗုံးဂျူတီ၊ လုံခြုံရေးဂျူတီ၊ ဂိတ်ဂျူတီ၊ အသင်းဂျူတီတို့ ရှိပါတယ်။ ဗုံးဂျူတီ တာဝန်ကျရင် ညဘက်ကျောင်းမှာ အိပ်ရပါတယ်။ တကယ် ဗုံးကွဲရင်လည်း သေမှာပါပဲ။ ဘာမှ မလုပ်တတ်ပါ။ အခုတော့ မစောင့်ရတော့ပါ။

ဒီခေတ်လောက် ဖုန်းပေါတဲ့ခေတ်မှာ (ဖုန်းဂျူတီကို ဆရာ/မများမစောင့်ဘဲ ရုံးသမားများသာ တာဝန်ချရန်ဟု စာထွက်ပြီးသော်လည်း) ခုထိ လက်ရှိကျောင်းမှာ ဖုန်းဂျူတီစောင့်ရပါတယ်။ ဂိတ်ဂျူတီ နေ့တပိုင်းဆီ တာဝန်ချပါတယ်။ တာဝန်ကျတဲ့နေ့တပိုင်းကို စာမသင်ရပါ။ ဂိတ်မှာသာထိုင်ရပါတယ်။ သင်ကြားရေးသည် အဓိကလို့ထင်ထားခဲ့တာ မှားနေပြီလား မသိတော့ပါ။ လိုအပ်သော သန့်ရှင်းရေးဂျူတီ၊ အသင်းဂျူတီများ တာဝန်ကို မနှောင့်မနှေးထမ်းလိုသော်လည်း စာမသင်ဘဲ ဂိတ်စောင့်ရတဲ့ဘ၀ကိုတော့ မကျေလည်နိုင်ပါ။ ထ ၂ မှာတုန်းက ပွဲစားလမ်းနဲ့ လမ်းမတော်လမ်းထောင့်မှာ ကျောင်းဆင်းချိန် လမ်းရှင်းတာဝန် (မော်တော်ပီကယ်လို) ထမ်းခဲ့ဖူးပါတယ်။ ကျောင်းသားစာရင်းကို အကြိမ်များစွာတောင်းပါတယ်။ မိတ္တူဆွဲပေးလို့ရတာလည်း လက်နဲ့ပဲ ရေးခိုင်းပါတယ်။ စာရွက်မလောက်လျှင် တရွက်ပဲပေးပြီး လိုသလောက်ကို ကိုယ့်အတန်းအတွက် အတန်းပိုင် များ ကိုယ်စီကိုယ်ငှ မိတ္တူဆွဲရပါတယ်။ ကျောင်းမှာ copier စက်ရှိသော်လည်း သော့သိမ်းသူနောက် လိုက်ရတာတမျိုး၊ စက်ပျက်တာကတဖုံနဲ့ အပြင်မှာပဲ ဆွဲလိုက်ကြပါတယ်။

စာမေးပွဲတကြိမ်ပြီးရင် မူရင်းအမှတ်ရေးတာက တစုံ၊ ABC နဲ့ ရေးရတာက တစုံ၊ ကုစားပြီး (အကုန် အောင်ပေး)တာက အမှတ်တစုံ၊ အတန်းလက်ခံစာရင်းတွင် တစုံ၊ report card ထဲတွင် အတု (ကုစားပြီး အကုန်အောင်)တခါ ရေးရပါတယ်။ တခါတရံ ရုံးခန်းဖိုင်တွဲရန်ဆိုပြီး နောက်တစုံဆီ ရေးရပါတယ်။ သင် ကြားရေးအတွက်လိုအပ်သော သင်နည်းမှတ်စု၊ နေ့စဉ်မှတ်တမ်းတို့ရေးရတာ ရေးသင့်၊ ရေးပျော်ပါတယ်။ လေ့ကျင့်ခန်းစာအုပ်တွေလည်း စစ်သင့်၊ စစ်ပျော်ပါတယ်။ ဘယ်လိုဖြေဖြေအောင်သွားသော အမှတ် စာရင်းများကို မင်အနက်နဲ့ ရေးရပါတယ်။ မင်ပြာနဲ့ ရေးမိတာမျိုး၊ ကျောင်းဝင်အမှတ်မင်နီနဲ့ မရေးမိတာမျိုးဆို နောက်တခါ ပြန်ရေးရပါတယ်။ ဘယ်ဟာတွေက အရေးပါသလဲဆိုတာတောင် ပြန်စဉ်းစားနေရပါတယ်။

လမ်းလျှောက်ပွဲ၊ ထောက်ခံပွဲ၊ ဘောလုံးကွင်း ဖွင့်ပွဲ၊ မူးယစ်ဟောပြောပွဲ၊ ကျောင်းကျန်းမာရေးပညာ ပေးဟောပြောပွဲ၊ ယာဉ်အန္တရာယ်ကင်းရေးဟောပြောပွဲ၊ လူကုန်ကူးတားဆီးရေးဟောပြောပွဲ၊ မှတ်ပုံတင်အတွက် ဘိုးဘေးမှစ စာရင်းပြုစုပေးရခြင်း၊ ဒေ၀ါဝင်းရာဇာဝင်း ၀င်းခင်းပွဲမှအစ သန်းခေါင်စာရင်းကောက်ခြင်း၊ မဲရုံအတွက် စာရင်းကောက်/မဲရေတွက်ခြင်း အစရှိတဲ့ မပတ်သက်သော်လည်း ပတ်သက်ပြီး အခြားသော ကိစ္စများလည်း ဆီလိုက်လူးရပါတယ်။

ဘာပွဲညာပွဲတက်ရန်ခေါ်ရင်လည်း ဘယ်နှနာရီအရောက် လာပါသာပြောတာ ဘာကိစ္စမှန်းလဲ မသိရပါ။ ကြိုလည်း ပြောလေ့မရှိပါ။ စာရင်းဇယားတောင်းရင်လည်း ခုညနေ၊ မနက်ဖြန် စသဖြင့် အတင်းကြီး မြန်မြန်တောင်းတာမျိုးပါ။ ပညာရေးလောကထဲကလူတွေ မေးကြည့်ပါဆရာ အကုန်သိပါတယ်။

အတင်းတောင်းတော့ စာသင်ချိန်ပျက်ပါတယ် ဆရာ။ အဲလိုတွေကြောင့် ကျောင်းသားက အုတ်တံတိုင်း ကျော်ထွက်တာမျိုး၊ ဆေးလိပ်သောက်တာမျိုး၊ ရန်ဖြစ်တာမျိုးတွေ ဖြစ်လာတော့ ဒီခေါင်းပေါ်ပဲ ပြန်လှည့်လာ ပါတယ်။ နောက်တခုက ကိုယ်ဖြစ်ကိုယ်ခံ ဆိုတာမျိုးပါ။ မှန်မှန်၊ မမှန်မှန် အထက်ကခေါင်းရှောင်တာမျိုးပါ။ မြင်ရကြုံရတာတွေနဲ့ ကောက်ချက်ချတော့ ဒီလိုအဖြေပဲထွက်ပါတယ်။

လတ်တလော ဘားအံမှာ ပညာရေးထောက်ကူ စာအုပ်ရောင်းလို့ အထက်တန်းပြနှစ်ယောက် ရာထူး လျှော့ပါတယ်။ ဗလာစာအုပ်ရောင်းလို့ ကျောင်းအုပ်တယောက်အလုပ်ပြုတ်ပါတယ်။ အထက်အထက်က ဆိုတဲ့သူတွေ ဗလာစာအုပ် ၆ အုပ်စီ ရောင်းခိုင်းလို့ ရောင်းရဖူးပါတယ်။ publisher တွေနဲ့ ပေါင်းပြီး အဖြေမှားတွေနဲ့ မထိရောက်တဲ့ စာအုပ်တွေလည်း ရောင်းပေးခဲ့ရဖူးပါတယ်။ တပြားတချပ်မကျန် (လိုရင် စိုက်ရပါသေးတယ်) လက်မှတ်ထိုးပြီး အပ်ရပါသေးတယ်။

အထက်အထက်က လူကြီးသမီး မင်္ဂလာဆောင်တော့လည်း လစာထဲက ငွေဖြတ်ပါတယ်။ မြင်တောင် မမြင်ဖူးပါဘူး။ အဲဒီလူကြီးရော၊ သူ့သမီးရော၊ နောက် အထက်အထက်ကပဲ လူကြီးနေမကောင်းလို့ နိုင်ငံခြား ကို ဆေးသွားကုဖို့ လစာထဲက ဖြတ်ပါတယ်။ အထက်ကပဲ သူတို့အလှူတရားပွဲ လုပ်ပါတယ်။ ငွေကောက်ပါ တယ်။ ပြောရရင် အများကြီးကျန်ပါသေးတယ်။

ဆင်ချောင် ကြောင်ကျပ် ကြွက်နားရွက်ပြတ်ကြီးပါ။ ဟိုဆရာမတွေဘက်လိုက်ပြီး ပြောတာမဟုတ်ပါဘူး။ အပြစ်အကြီးကြီးသမားတွေ အများကြီးပါ။ ဆရာ ရေးရေးနေကျ သူခိုးကြီးတွေက အများကြီးပါ။ အထက် မီး၊ အောက်မီး၊ ဘေးမီးတွေနဲ့ ၀ိုင်းထားတဲ့ဘ၀မှာ ဖိစီးမှုတွေနဲ့ ပညာရေးဝန်ထမ်းတွေ မပျော်ကြတော့ပါဘူး။ ကျွန်မ အခုပြောတာမှန်သမျှ အကုန်အမှန်တွေပါပဲ။ ဆရာလေ့လာကြည့်ရင်လည်း အတိုင်းသားတွေ့ရမှာပါ။

ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ။ လိပ်ပြာလုံတဲ့၊ တာဝန်ကျေတဲ့ ကြားညပ်နေတဲ့ ပုံရိပ် ညစ်တွေလွှမ်းခံနေရတဲ့ ဆရာ/မတွေရှိနေပါသေးတယ် ဆိုတာကိုလည်း ပြည်သူသိစေဖို့ ရေးသားပေးစေလို ပါတယ်။ ပညာရေးလောကက တာဝန်ရှိသူများလည်း သိစေချင်ပါတယ်။ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ နောက် မကျသေးပါ။ ပြောင်းလဲချိန်တန်ပြီမို့ အမှန်တကယ်ပြောင်းလဲဖို့ပဲ လိုတော့တာပါ။

Credit Aung Myo Htut

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *