ဒုက္ခရောက်နေတဲ့ ကိုယ်ဝန်သည်ပရိသတ်ကို အိမ်ဝယ်ပေးခဲ့တဲ့ တေလာဆွစ်

အဲဒီအမျိုးသမီးကိုယ်တိုင်ပြောပြခဲ့တာပါ။

တေလာဆွစ်က ကမ္ဘာတစ်ဝှမ်းက သူမရဲ့ပရိသတ်တွေ အချင်းချင်း ဆက်သွယ်နိုင်ဖို့ Swift Life အမည်နဲ့ ဆိုရှယ်မီဒီယာအသစ် ဖွင့်လှစ်ပြီးနောက်မှာတော့ ပရိသတ်တစ်ယောက်က သူမ အခက်အခဲကြုံနေချိန်မှာ တေလာဆွစ်က ကူညီပေးခဲ့ပုံကို ဝေမျှလာတာ ဖြစ်ပါတယ်။

“ဒီအကြောင်းကို ဒီမှာတင်ရမလားလို့ ခဏတော့ စဉ်းစားနေသေးတယ်။ နောက်ဆုံးမှာတော့ တေလာ ကျွန်အတွက် လုပ်ပေးခဲ့တာကို အားလုံးကိုပြောပြဖို့ ဆုံးဖြတ်လိုက်ပါတယ်” လို့ သူမက ဆိုရင်း အဖြစ်အပျက်အစုံကို ရေးသားပြောပြခဲ့တာ ဖြစ်ပါတယ်။

တေလာဆွစ်ရဲ့ အမာခံပရိသတ်တစ်ဦးဖြစ်တဲ့ စတက်ဖနီဟာ အိမ်ခြေရာမဲ့ဖြစ်ပြီး သူမကိုယ်ဝန်ဆောင်ချိန်မှာ သူမရဲ့ချစ်သူ မက်သရူးကလည်း အလုပ်ပြုတ်သွားခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ တေလာဆွစ်ဟာ မန်ချက်စတာရှိုးပွဲတစ်ခုအပြီး စင်နောက်မှာ သူမကို သတင်းကောင်းတစ်ခု ပေးခဲ့တာ ဖြစ်ပါတယ်။

“အတိုချုပ်ပြောရရင်တော့ ကျွန်မတို့နေတဲ့ တိုက်ခန်းက လုံခြုံရေးပြဿနာတွေကြောင့် ပိတ်ခံလိုက်ရတယ်။ ကျွန်မတို့မှာ ဘာမှမရှိတော့ဘူး။ လမ်းပေါ်မှာ နေနေရတဲ့အထဲ မက်သရူးက အလုပ်ပြုတ်သွားတယ်။ ကျွန်မအမေက ဒီအကြောင်းကို တေလာ့ကို ပြောပြပြီး ကျွန်မ သွားကြည့်တဲ့ သူ့ရဲ့မန်ချက်စတာရှိုးပွဲမှာ ကျွန်မ စိတ်ချမ်းသာရအောင် တစ်ခုခုပြောပေးဖို့ တောင်းဆိုလိုက်တယ်။ ရှိုးပွဲအပြီးမှာ တေလာက ကျွန်မတို့ကို သူ့ရဲ့အဝတ်လဲခန်းကို ခေါ်သွားတယ်” လို့ သူမက ဆိုပါတယ်။

အဲဒီနောက် တေလာက “စတက်ဖနီ..ရှင်က ကျွန်မဘဝထဲမှာ ရှိနေခဲ့တာ ဟိုးအရင်ကတည်းက။ ဒါပေမဲ့ ဘာမှ ရှင် ကျွန်မကို မတောင်းဆိုခဲ့ဘူး။ ရှင်သာ ပြောရင် ကျွန်မ ကူညီမှာပေါ့။ ဒါပေမဲ့ ရှင်မပြောခဲ့ဘူးနော်။ ရှင့်အမေက ကျွန်မကို ပြောပြတယ်” လို့ ပြောကြောင်း စတက်ဖနီက ဆိုပါတယ်။

“အဲဒီညက ကျွန်မရဲ့လက်မှတ်ဖိုးငွေကို ပြန်ပေးချင်တယ်လို့ သူက ပြောတယ်။ တကယ်တမ်း သူလုပ်ပေးခဲ့တာက ကျွန်မအတွက် အိမ်နဲ့ ကျွန်မကလေးအတွက် လိုအပ်တာအားလုံးကို ဝယ်ပေးခဲ့တာပါပဲ။ ရှင့်ရဲ့သမီးလေးနဲ့ ရှင့်ကို ပျော်စေချင်တယ်၊ ဒါတွေအတွက် စိတ်မပူစေချင်ဘူးလို့ သူက ကျွန်မကိုပြောတယ်” လို့ စတက်ဖနီက ပြောပြခဲ့ပါတယ်။

အသက် ၂၈ နှစ်အရွယ် တေလာရဲ့ ရက်ရောမှုကို စတက်ဖနီက ချီးမွမ်းပြောဆိုကာ သူမကို အမြဲတမ်း ချစ်သွားမယ်လို့လည်း ဆိုပါတယ်။

တေလာဆွစ်ဟာ ပရိသတ်တွေနဲ့ တိုက်ရိုက်ထိတွေ့မှုတွေ ပြုလုပ်ခြင်း၊ သွားရောက်တွေ့ဆုံခြင်း၊ လိုအပ်ရင် ကူညီမှုတွေပေးခြင်းတွေ ပြုလုပ်တတ်တဲ့ ပရိသတ်တွေချစ်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။

ဒီလထဲမှာလည်း သူမက သူမကိုယ်ပိုင် အပလီကေးရှင်းတစ်ခု စတင်ကာ သူမရဲ့ပရိသတ်တွေနဲ့ လွယ်လွယ်ကူကူ ဆက်သွယ်နိုင်ဖို့ ဖန်တီးလိုက်တာ ဖြစ်ပါတယ်။

တေလာဆွစ်ရဲ့ ကိုယ်ပိုင်ဆိုရှယ်မီဒီယာဖြစ်တဲ့ Swift Life ကနေ သူမကို ချစ်တဲ့ ပရိသတ်တွေက အချင်းချင်း ဆက်သွယ်နိုင်မှာဖြစ်သလို တေလာဆွစ်နဲ့လည်း ဆက်သွယ်လို့ရမှာဖြစ်ပါတယ်။ အဲဒီအပလီကေးရှင်းကနေ စာတွေ၊ ပုံတွေ၊ မေးခွန်းတွေ၊ ဘယ်မှာမှ မဖော်ပြဖူးသေးတဲ့ Exclusive ဗီဒီယိုဖိုင်တွေနဲ့ သူမရဲ့ဂီတအကြောင်းကိုပါ ဖော်ပြသွားမှာ ဖြစ်ပါတယ်။

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *